မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

စိတ်အနှောင့်အယှက်ဖြစ်စရာ အကျင့်တွေကို အကောင်းဘက်ကနေ ရှုမြင်ပါ

စိတ်အနှောင့်အယှက်ဖြစ်စရာ အကျင့်တွေကို အကောင်းဘက်ကနေ ရှုမြင်ပါ
  •   ကိုယ်က အခြေအနေပေါ် မူတည်ပြီး မီးစင်ကြည့်ကရတာကို ကြိုက်သူ။ ကိုယ့်အိမ်ထောင်ဖက်ကတော့ ဘာမဆို ကြိုစီစဉ်ထားမှ စိတ်တိုင်းကျသူ။

  •   ကိုယ်က ခပ်အေးအေးသမား၊ ဘာသိဘာသာ နေတတ်သူ။ ကိုယ့်အိမ်ထောင်ဖက်ကျတော့ ဘွင်းဘွင်းပျော်ပျော်သမား၊ အပေါင်းအသင်း ခုံမင်သူ။

 အိမ်ထောင်ဖက်ရဲ့ ဝသီတစ်ခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပါသလား။ ဒါကိုပဲ တနုံ့နုံ့ တွေးနေရင် အိမ်ထောင်ရေး ပြေလည်နိုင်မှာ မဟုတ်ဘူး။ “ကိစ္စတစ်ခုကို ခဏခဏ ပြန်ဖော်တဲ့သူကတော့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို စိမ်းကားစေတယ်” လို့ ကျမ်းစာက ဆိုတယ်။—ပညာအလိမ္မာ ၁၇:၉

 စိတ်အနှောင့်အယှက်ဖြစ်စရာ အကျင့်ကြောင့် အိမ်ထောင်ဖက်နဲ့ ကတောက်ကဆတ် ဖြစ်နေတာထက် အဲဒီအကျင့်ကို အကောင်းမြင်စိတ်နဲ့ နောက်ရှုထောင့်တစ်မျိုးကနေ ကြည့်တတ်ဖို့ သင်ယူနိုင်ပါတယ်။

ဒီဆောင်းပါးမှာ

 စိတ်အနှောင့်အယှက်ဖြစ်စရာ အကျင့်တွေကို အကောင်းဘက်ကနေ ရှုမြင်ပါ

 တကယ်တော့ အိမ်ထောင်ဖက်ရဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အကျင့်က ကိုယ်သဘောကျတဲ့ အရည်အသွေးနဲ့ ဆက်စပ်နေနိုင်တယ်။ နမူနာသုံးခုကို သုံးသပ်ကြည့်ပါ။

 “ကျွန်မခင်ပွန်းက တစ်ခုခု လုပ်ဖို့အရေး၊ တစ်နေရာရာ သွားဖို့အရေး နှေးကွေးတဲ့ အကျင့် ရှိတယ်။ ဒါပေမဲ့ နှေးကွေးတဲ့ အကျင့်က သူ့ကို စိတ်ရှည်တဲ့သူ ဖြစ်စေတာ။ ကျွန်မကိုလည်း သူ စိတ်ရှည်တယ်။ အဲဒီနှေးကွေးတဲ့ အကျင့်ကြောင့် စိတ်တိုမိပေမဲ့ သူ့ကို ချစ်ရတဲ့အထဲမှာ အဲဒီလို စိတ်ရှည်တာလည်း ပါတယ်။”—ချယ်လ်ဆီး။

 “ကျွန်တော့်ဇနီးက ဘာမဆို အတိအကျ ကြိုစီစဉ်တဲ့သူပါ။ အားလုံး အဆင်ပြေ အိုကေတယ်လို့ သူ ထင်မှ စိတ်တိုင်းကျတာဆိုတော့ စိတ်တိုစရာပဲ။ ဒါပေမဲ့ အသေးစိတ်ကအစ ဂရုစိုက်တဲ့အတွက် ဘာကိုမှ ပြီးစလွယ် မလုပ်ဘူး။”—ခရစ္စတိုဖာ။

 “ကျွန်မခင်ပွန်းကို ကြည့်လိုက်ရင် ဘာကိုမှ စိတ်မဝင်စားသလို ထင်ရတယ်။ ကျွန်မဖြင့် အားမလို အားမရ ဖြစ်လိုက်တာ။ တကယ်တမ်းကျတော့ သူ့ကို စပြီး သတိထားမိသွားတဲ့ အချက်တွေထဲမှာ အဲဒီလို အေးအေးဆေးဆေး နေတတ်တဲ့ အကျင့်လည်း ပါတယ်။ စိတ်ဖိစီးစရာ အခြေအနေမျိုးမှာ သူ တည်တည်ငြိမ်ငြိမ် နေနိုင်စွမ်း ရှိတာကို ကျွန်မ လေးစားတယ်။”—ဒယ်နီယဲ။

 ချယ်လ်ဆီး၊ ခရစ္စတိုဖာ၊ ဒယ်နီယဲတို့လိုပဲ အိမ်ထောင်ဖက်ရဲ့ အရည်အသွေးတစ်ခုမှာ အားသာချက်နဲ့ အားနည်းချက် ဒွန်တွဲနေလေ့ရှိတယ်။ ဒါကြောင့် ငွေအကြွေစေ့မှာ ခေါင်းနဲ့ ပန်းကို သီးခြား ခွာထုတ်လို့ မရနိုင်သလိုပဲ အားသာချက်၊ ကောင်းကွက်ကို ဖယ်ပြီး အားနည်းချက်ကိုပဲ အာရုံစိုက်လို့ မရဘူး။

 တကယ်ဆိုရင် တချို့အကျင့်တွေမှာ အားသာချက်ဆိုတာ မရှိဘူး။ ဥပမာ၊ လူတချို့က “ဒေါသကြီး” တယ်လို့ ကျမ်းစာမှာ ဆိုတယ်။ (ပညာအလိမ္မာ ၂၉:၂၂) ဒေါသကြီးသူက “အမျိုးမျိုးသော နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းနဲ့ မကောင်းမှု ရှိသမျှကို” ဖယ်ရှားဖို့ အစွမ်းကုန် ကြိုးစားရမယ်။ aဧဖက် ၄:၃၁

 ဒါပေမဲ့ စိတ်တိုစရာ အကျင့်လေးဆိုရင်တော့ “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီး သည်းခံကြပါ” ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာပါ။—ကောလောသဲ ၃:၁၃

 ဒါ့အပြင် အဲဒီအကျင့်ရဲ့ ကောင်းကွက်ကို ရှုမြင်တတ်အောင် ကြိုးစားကြည့်ပါ။ အိမ်ထောင်ဖက်ကို မြင်မြင်ချင်း သဘောကျခဲ့တာ အဲဒီအချက်ကြောင့်လည်း ဖြစ်နိုင်တယ်။ ဂျိုးဇက်လို့ ခေါ်တဲ့ ခင်ပွန်းက “စိတ်အနှောင့်အယှက်ဖြစ်စရာ အကျင့်ကို အာရုံစိုက်တာက စိန်ရဲ့ ဘေးအနားစောင်းကိုပဲ အာရုံစိုက်ပြီး တဖိတ်ဖိတ်တောက်နေတာကို မမြင်တာနဲ့ တူတယ်” လို့ ပြောတယ်။

 ဆွေးနွေးမှုလမ်းညွှန်

 အရင်ဆုံး၊ အောက်ပါမေးခွန်းတွေကို သီးသန့်စီ သုံးသပ်ကြည့်ပါ။ ပြီးတဲ့နောက် အဖြေတွေကို အတူဆွေးနွေးပါ။

  •   အိမ်ထောင်ဖက်ရဲ့ အကျင့်တစ်ခုကြောင့် တကျက်ကျက် ရန်ဖြစ်နေရတယ်လို့ ယူဆသလား။ ယူဆရင် အဲဒီအကျင့်က ဘာလဲ။

  •   အဲဒီအကျင့်က သိပ်ဆိုးတဲ့ အမှားလား ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာလောက်ပဲလား။

  •   အဲဒီအကျင့်မှာ ကောင်းကွက်များ ရှိသလား။ ရှိရင် ဘာကောင်းကွက်လဲ။ အိမ်ထောင်ဖက်ရဲ့ အဲဒီကောင်းကွက်ကို ဘာကြောင့် တန်ဖိုးထားသလဲ။